မင်းဘူးမြို့တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး စည်းကမ်းမဲ့ ယာဉ်များအား ဖမ်းဆီးစစ်ဆေး

မင်းဘူး ဇန်နဝါရီ ၇

ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့်အညီ စနစ်တကျ မောင်းနှင်နိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူး-မကွေး ကားလမ်း မင်းဘူးမြို့မ ရဲစခန်းရှေ့တွင် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေး ဆောင်ရွက်ရာတွင် အမှတ်(၁၈) ယာဉ်ထိန်းရဲ တပ်ဖွဲ့စု (မင်းဘူး)မှ တပ်ကြပ်ကြီး တင်မင်းထွေး ဦးဆောင်သော တပ်ဖွဲ့ဝင်(၈)ဦးတို့သည် မော်တော်ယာဉ်များ မောင်းနှင်ရာတွင် ခါးပတ်မပတ်ဘဲ မောင်းနှင်ခြင်း၊ ယာဉ်လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင် ရာတွင် ဆိုင်ကယ်စီးဦးထုပ် မေးသိုင်းကြိုးမတပ်ခြင်း၊ နောက်ကြည့်မှန် မပါခြင်း၊ နောက်နံပါတ် ပြား မပါရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ခြင်း မရှိသော မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့နေ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် စည်းကမ်းမဲ့ မော်တော်ယာဉ်များကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူး) တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။      

ကျော်စိုးဝင်း(မင်းဘူး)