သီပေါ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရိုတာဗိုင်းရပ်(စ်)ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုး / ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၁) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ဒေါက်တာနန္ဒဝင်းက ရိုတာ ဗိုင်းရပ်(စ်) ဝမ်းပျက်၊ ဝမ်းလျှော ကာကွယ်ဆေးအကြောင်းကို အသိပညာပေးခြင်း၊ နောက်ဆက်တွဲရောဂါ ကာကွယ်နိုင်သည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ် သူနာပြုအဆင့်(၁) ဒေါ်မိမိလှိုင်က ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့−မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-၄) ထပ်မံထည့်သွင်းပေးခြင်းကို အသက်(၂)လနှင့်(၄) လအရွယ် ကလေးငယ်များအားပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ်တွင် ထည့်သွင်း သွားမည်ဖြစ်ကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့်ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက် ခဲ့ကြပြီး ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့မှ စတင်၍ တိုက်ကျွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမာအေး(ပြန်/ဆက်)