ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ကြားနာပွဲ ကျောက်မဲမြို့တွင်ကျင်းပ

ကျောက်မဲ  ဖေဖေါ်ဝါရီလ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊  မြို့ကျက်သရေဆောင် ခန်းမအတွင်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ကြားနာပွဲကို ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ သည်။ ဆက်လက်၍ ရှမ်းပြည်နယ် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်၊ နမ့်ဆန်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းက ရှမ်းပြည်နယ် မြေယာခွန်ဥပဒေ (မူကြမ်း)နှင့် ရှမ်းပြည်နယ်အခြေခံ ပညာကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ(မူကြမ်း)တို့ကို ဖတ်ကြားရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက အဆိုပါဥပဒေ(မူကြမ်း)များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့်  ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ ကြားနာပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူများ  စုစုပေါင်းအင်အား ၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)