ကလေးခရိုင်ပြည်သူ့ အားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) အစီ အစဉ် ပြုလုပ်

ကလေး  ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့်  ကိုယ်လက် လှုပ်ရှား ဆေးတပါး (Exercise is Medcine) အစီအစဉ်ကို ယနေ့ နံနက် ၇ နာရီက ကလေးခရိုင် ပြည်သူ့ အားကစား ကွင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာအန်နာရွှေလွှမ်း တက်ရောက် ပါဝင် ဆင်နွှဲသည်။

အခမ်းအနားတွင် နိုင်ငံတော်ဒုတိယသမ္မတ(၂) ၏ဇနီး ဒေါက်တာအန်နာရွှေလွှမ်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ အမှုဆောင် ဒေါ်မော်မော်ထွန်းတို့က အမှာစကားအသီးသီး ပြောကြားကြပြီး ကိုယ်လက်လှုပ်ရှားဆေးတပါး (Exercise is Medcine) အစီအစဉ်အဖြစ် တက်ရောက် လာကြသူများနှင့် Myanmar Fitiness Dance (၁၃) ကွက်အား စုပေါင်းပျော်ရွှင်စွာ ကိုယ်လက်လှုပ်ရှားကစားခဲ့ကြသည်။

အဆိုပါ စုပေါင်းကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်တွင် နိုင်ငံတော်ဒုတိယသမ္မတ(၂) ၏ဇနီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဇနီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဇနီး၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဉက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကလေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသူပြည်သူလူထု စုစုပေါင်းအင်အား (၉၀၀) ကျော် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

ကလေးခရိုင် (ပြန်/ဆက်)