စစ်ကိုင်း ဖေဖော်ဝါရီ ၂
စစ်ကိုင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ(၉)နေ့ည(၆) နာရီတွင် ကျင်းပပြုလုပ်မည့် ကာယဗလမောင်၊ သက်ကြီးမောင်နှင့် သက်ကြီး အလေးမပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို စစ်ကိုင်းမြို့ ရွှေဟင်္သာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကာယဗလနှင့် ကာယကြံ့ခိုင်မှုကော်မတီ နာယက ဦးစိုးမြင့်က မိတ်ဆက်စကားပြော ကြားပြီး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြိုင်ပွဲကျင်းပသွားမည့် အစီအစဉ်များနှင့် ပြိုင်ပွဲရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ လူငယ်/လူရွယ်များ လမ်းမှားသို့ ရောက်ရှိမသွားအောင် အားကစားဘက်ကို စိတ်ဝင်စားလာအောင်နှင့် သက်ကြီးပိုင်းအရွယ်များ အနေဖြင့်လည်း စိတ်ဓာတ်ကျဆင်းမှုတွေ မဖြစ်ရလေအောင် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားကာ ကော်မတီအဖွဲ့ဝင် ကာယနှင့်ကျောင်းကျန်းမာရေး ပညာဌာနမှ ကထိကဆရာမကြီး ဒေါ်မြကြည်က ကြိုတင်စီစဉ် ဆောင်ရွက်ထားသည့် ပြိုင်ပွဲကျင်းပသွားမည့် အခမ်းအနား အစီအစဉ်များကို ဖတ်ကြား ဆွေးနွေးပေးရာ စစ်ကိုင်းမြို့မိ/မြို့ဖဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးအုန်းမြင့်က ကျေးဇူးတင်စကားနှင့် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ခရိုင်အားကစားမှူး ဦးသိန်းဇံက ပြိုင်ပွဲအတွက် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီနာယကနှင့်အဖွဲ့များ၊ မြို့မိ/မြို့ဖအဖွဲ့များ၊ မြို့တော်အထောက်အကူပြုအဖွဲ့များ၊ ပြိုင်ပွဲနည်းပြဆရာများနှင့် ပြိုင်ပွဲဝင်အသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်