မိုင်းရယ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းမော်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ က ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြို့နယ်အဆင့် ပြိုင်ပွဲများဖြစ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ (၇၆) နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲ၊ (၁၀၃) နှစ်မြောက် အမျိုးသားနေ့ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲနှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ စသည့်ပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူ များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/သူလေးများမှ ပညာရေးစုံညီပွဲတော် အထိမ်းအမှတ်ဆိုင်ရာ တေးသီချင်းများ၊ တိုင်းရင်းသားရိုးရာ အကအလှများ၊ အေရိုးပစ်အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/မကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)