မိုးမိတ် ဖေဖော်ဝါရီ ၂ ရက်
အခြေခံပညာကျောင်းများ ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ (မူကြမ်း)၊ မြေယာခွန် ဥပဒေ(မူကြမ်း)တို့နှင့်ပတ်သက်၍ ကော်မတီကြားနာပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့ကျက်သရေဆောင်ခန်းမတွင်တွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကြားနားပွဲတွင် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက် များအား ရှင်းလင်းပြောကြားသည်။ ရှမ်းပြည် နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကလေးငယ်များအား ဘေးကင်းစိတ်ချရသော အစား အသောက်များရရှိစေရေး၊ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုပိုမိုအားကောင်းလာစေရန် ၊ ဥပဒေနှင့်အညီ အစောင့်ရှောက်ခံ ရစေရန် အတွက် ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေနှင့် မြေယာခွန် ဥပဒေကို ပြဌာန်းရေးဆွဲရာတွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြည်သူများ ပူးပေါင်းပါဝင် အကြံပြုချက် များဖြင့် ရေးဆွဲနိုင်ရေးအတွက် ဥပဒေမူကြမ်းများကို ချပြရှင်းလင်းပြီး ယခုလို ကြားနာပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မိုးမိတ်ခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က မိုးမိတ်ခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဥပဒေပြု ရေးဆိုင်ရာ ကော်မတီက အခြေခံပညာကျောင်းများမှ ကလေးငယ်များအား ဘေးကင်းစိတ်ချရသော အစားအသောက် ဥပဒေ (မူကြမ်း) ၊ မြေယာခွန်ဥပဒေ(မူကြမ်း)ရေးဆွဲထားရှိမှုအား ချပြရှင်းလင်းခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား မိဘပြည်သူများက အဆိုပါဥပဒေ မူကြမ်းများနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက် များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး (ပြန်/ဆက်)