ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် ဒေသခံ တောင်သူများ တွေ့ဆုံပွဲ သုံးခွမြို့၌ ကျင်းပ

သုံးခွ  ဒီဇင်ဘာ  ၈

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် သုံးခွမြို့နယ် ကံမြင့်ကျေးရွာနှင့် ပုလဲကျေးရွာအနီး စက်မှုဇုန်ထူထောင်ရန် ရွေးချယ်ထားသည့် မြေနေရာအတွင်း လုပ်ကိုင်လျက်ရှိသော တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဆွေအေးက စက်မှုဇုန်မြေနေရာ ရွေးချယ်နိုင်ရေး အဆိုပြု တည်နေရာများအား  ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူ(၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)