ယင်းမာပင်မြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းအတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ယင်းမာပင်    ဇန်နဝါရီ       ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင်  စာရေးဆရာအသင်းဖွဲ့စည်း အတည်ပြုနိုင်ရေးနှင့် စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ယင်းမာပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီတို့က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ ကေသရာဇာက စာရေးဆရာအသင်း ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများ၊ စာပေဟောပြောပွဲ ကျင်းပဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ယင်းမာပင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်နှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဌေးက မြို့နယ်စာရေးဆရာအသင်း ဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် စာပေ ဝါသနာရှင် ပြည်သူများက စာရေးဆရာအသင်းဖွဲ့စည်းရေး၊ စာပေဟောပြောပွဲနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပြီး ဇန်နဝါလ ၁၇ ရက်နေ့တွင် စာရေးဆရာအသင်းဖွဲ့စည်းရေးနှင့် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)