မြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ(၇၁.၅၂)ရာခိုင်နှုန်းကျော် ပြန်လည် ပေးဆပ်ပြီးဖြစ်

မုံရွာ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ချေးငွေအားလုံး၏(၇၁.၅၂)ရာခိုင်နှုန်းအား ပြန်လည်ပေးဆပ်ပြီး ဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများအဖြစ် မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းသို့ စပါးနှင့်အခြားသီးနှံမျိုးစုံ စိုက်ဧက(၂၇၈၄၅)အတွက် ငွေကျပ်(၂၈၇၃၅.၅၀)သိန်းကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြန်လည်ပေးဆပ်တဲ့ စိုက်ပျိုးရေးစရိတ် ချေးငွေတွေကို အခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ကစပြီး ရုံးဖွင့်ရက် တိုင်းနံနက်(၉)နာရီကနေ နေ့လယ် (၂)နာရီအထိ ဘဏ်က လက်ခံသိမ်းဆည်းနေတယ်၊ မတ်လအကုန် ဆိုရင်တော့ ဘဏ်ချေးငွေအားလုံး အကျေအလည် ပြန်လည်လက်ခံရရှိမယ်လို့ မျှော်မှန်းထားတယ်၊ အခု လည်း ရာခိုင်နှုန်းအတော်များများကို လက်ခံရရှိပြီးဖြစ်ပါတယ်၊ မြို့နယ်အတွင်းမှာတော့ နှစ်စဉ်စိုက်ပျိုးရေး စရိတ်ချေးငွေကို တောင်သူတွေဘက်က ပြန်လည်ပေးဆပ်ဖို့ ကျန်တဲ့ငွေမရှိပါဘူး အပြည့်ပြန်လည်ပေးဆပ်ကြပါတယ်” ဟု မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုးက ပြောသည်။

မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၉)အုပ်စုမှ တောင်သူ (၅၂၄၀)ဦးတို့၏ ပြန်လည်ပေးဆပ်မှုအနေဖြင့် ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ငွေကျပ် (၂၀၅၅၀)သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ပြန်လည် လက်ခံရရှိပြီးဖြစ်ရာ ပေးဆပ်မှုရာခိုင်နှုန်းအားဖြင့် (၇၁.၅၂)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသေးသော ငွေကျပ် (၈၁၈၅.၅၀)သိန်းကို တောင်သူများမှ ဆက်လက်ပေးသွင်းလျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)