ကောလင်း ဖေဖော်ဝါရီ ၂၅
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း မြို့နယ်အတွင်းရှိ စာစစ်ဌာန(၈)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၂၅၇၅ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကောလင်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမောင်ပုက “မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကောလင်းမြို့နယ် အတွင်းရှိ စာစစ်ဌာနများဖြစ်တဲ့ အထက-၁၊ အထက-၂၊ အထက-ခံသာ၊ အထက-ဥက္ကံ၊ အထက-မင်းချမ်း၊ အထက-ကျောက်ပြင်သာ၊ အထက-ကြို့ပင်နှင့် အထက-ဥတုံးပင်၌ ကျောင်းသား ၁၁၀၅ ဦး၊ ကျောင်းသူ ၁၄၇၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၅၇၅ ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေး ထားပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ် များကို မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနများဖြစ်တဲ့ အခြေခံပညာကျောင်းများမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် ကာလတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနများသို့ သွားရောက်၍ တာဝန်ယူ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)