အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း မောက်မယ်၌ ဖွင့်လှစ်

မောက်မယ် ဖေဖော်ဝါရီ ၂၅

ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက နမ့်ယွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။                        

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး  လူမှုဝန်ထမ်းဦးစီးဌာန   ရွာငံမြို့အိမ်တွင်းမှု  သက်မွေးလုပ်ငန်း   ပညာသင် ကျောင်းမှ   နည်းပြ ဒေါ်နီလေးလွင်က ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန စက်ချုပ်သင်တန်းနည်းပြ ဒေါ်နီလေးလွင်က စက်ချုပ် ပစ္စည်းများ ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။   အဆိုပါ စက်ချုပ် သင်တန်းတွင် မောက်မယ်မြို့နယ် အတွင်းရှိသင်တန်းသူ(၅၈) ဦးအား ရွာငံမြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ  နည်းပြများက  တစ်လကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)