ကျောက်မဲ ဖေဖေါ်ဝါရီလ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျောက်မဲမြို့နယ် အသင်းခွဲနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၁/၂၀၂၀ ကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကျောက်မဲခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) လားရှိုးရုံးခွဲမှ ကွင်းဆင်းအရာရှိ ဒေါက်တာစိုင်းသိန်းဝင်းက ကျောက်မဲဒေသတွင် မိုင်းပေါက်ကွဲသည့် ဖြစ်စဉ်များမကြာခဏ ဖြစ်ပွားနေတတ်သောကြောင့် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းသို့ ကျောက်မဲမြို့နယ်အတွင်းရှိ ကွမ်းစလန်း၊ ခုံငင်း၊ ပန်လော့၊ အုမ်းအွီး၊ ကျောက်ဖြူ ကျေးရွာများမှ လူငယ်များနှင့် အိုမ်တမောဝ်၊ အဖြူရောင်နှလုံးသားစသည့် လူမှု ကူညီရေးအသင်းမှ လူငယ်များ စုစုပေါင်း ၃၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ အထိ ၃ ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)