တန့်ဆည်မြို့တွင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေး

တန့်ဆည်  ဖေဖေါ်ဝါရီ ၂၄

မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှု၊ အသည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု လျော့နည်းသွားစေရေး ရည်ရွယ်၍ တန့်ဆည်မြို့နယ် ပါရမီလူမှုကူညီရေးအသင်း နှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ)တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ များအား အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့သွေးစစ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ အသင်းခွဲအနေဖြင့် အသည်းရောဂါဖြစ်ပွားမှု၊ ကူးစက်မှုနှင့် ဆက်စပ်ဖြစ်ပွားသော ရောဂါများနှင့် စပ်လျဉ်း၍ ဘီပိုး၊ စီပိုး ရှိ/မရှိ အခမဲ့ သွေးစစ်ပေးမယ်၊ ဘီပိုးရှိခဲ့ရင် မြန်မာအသည်း ဖောင်ဒေးရှင်း (ရွှေဘိုအသင်းခွဲ) ကို ခေါ်ပြီး သက်သာတဲ့ ဈေးနှုန်းဖြင့် ကုသပေးမယ်၊ ဘီပိုးမရှိဘူးဆိုရင် ကာကွယ်ဆေး(၃)ကြိမ်ထိုးရန် ညွှန်ကြားပေးမယ်” ဟု အသင်းဥက္ကဋ္ဌဒေါက်တာကျော်ဋ္ဌေးက ပြောကြားသည်။

သွေးစစ်ခြင်းကို တန့်ဆည်မြို့ ပါရမီလူမှုကူညီရေးအသင်းနှင့် မြန်မာအသည်းဖောင်ဒေးရှင်း (ရွှေဘို အသင်းခွဲ)တို့ ပူးပေါင်း၍  ဒေသခံပြည်သူ (၃၀၀) ကျော် တို့အား အခမဲ့စစ်ဆေးပေးခြင်းဖြစ် ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)