ပုလဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်

ပုလဲ  ဖေဖော်ဝါရီ  ၂၄

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း  အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ  ကျင်းပမည်ဖြစ်ရာ    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ပုလဲမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈)ခု၌ ကျောင်း သား၊ ကျောင်းသူ ၃၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပုလဲမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးတင်ငွေက“ မတ်လ ၁၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ  ပုလဲမြို့နယ်အတွင်းရှိ  စာစစ်ဌာနများဖြစ်တဲ့  အထက-ပုလဲ၊ အထက-မင်းတိုင်ပင်(၁)၊ အထက-မင်းတိုင်ပင်(၂)၊ အထက-ကန့်ဒေါင့်၊ အထက-တောင်ပိတောက်ကုန်း၊ အထက-ပန်းရွာ၊ အထက-လက်တောင်းကြီးနှင့် အထက(ခွဲ)-လက်ပုကန်၌  ကျောင်းသား ၁၅၅၂ ဦး၊ ကျောင်းသူ ၁၉၈၈ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၅၄၀ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေး ထားပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို   မြို့နယ်ပညာရေးမှူးရုံးနှင့်   စာစစ်ဌာနများဖြစ်တဲ့   အခြေခံပညာကျောင်းများမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ ကျင်းပမည့် ကာလတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနများသို့ သွားရောက်၍ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)