ယခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးရာသီတွင် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန်ဘုရားဖူးသူများပြားခဲ့

ကနီ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်ဝင်ရောက်မှုသည် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန် ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်း၏ ပြောကြားချက်အရ သိရသည်။

“အလောင်းတော်ကဿပကို ညအိပ်ပြီးလာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ နေထိုင်တည်းခိုရေးအဆင်ပြေစေဖို့ လူ(၄၀၀၀) ကျော် လောက် တစ်ပြိုင်နက်တည်း တည်းခိုနိုင်တဲ့ လူသုံးဆယ်၊ လူတစ်ရာ၊ တစ်ရာငါးဆယ်ဆံ့တဲ့ တည်းခိုဆောင် (၄၅) လုံး စီစဉ်ပေးထားတယ်၊ အားလုံး အခမဲ့ တည်းခိုနိုင်ပါတယ်၊ ညအိပ်လာရောက်ကြတဲ့  ဘုရားဖူးတွေက တည်းခိုနေရာချထားရေးကို သတင်းပို့တာနဲ့ နေရာစီစဉ်ပေးတယ်၊ တည်းခိုရိပ်သာ တွေမှာ နေရာမရှိတော့ရင်လည်း သီးခြားစီစဉ်ထားတဲ့ တည်းခိုဇရပ်တွေမှာလည်း တည်းခိုနိုင်အောင် စီစဉ်ပေးထားပါတယ်၊ ဘုရားဖူးဝင်ရောက်မှုအနေနဲ့ နေ့ကြီးရက်ကြီးတွေ မှာတောင် ဘုရားဖူးဧည့်သည်က သိပ်မရှိဘူး၊ ရုံးဖွင့်ရက်တွေဆို ညအိပ်ဘုရားဖူးဧည့်သည်က အများဆုံး (၁၀၀)ဦးဝန်းကျင်လောက်ရှိပြီး အနည်းဆုံး (၃၀)ဦးလောက်ပဲ ရှိတယ်၊ အခုနှစ်ဘုရားဖူးရာသီမှာတော့ (၅)နှစ်တာကာလအတွင်း ဘုရားဖူးဧည့်သည်ဝင်ရောက်မှု အတော့ကို နည်းတယ်၊ နေ့ချင်းပြန်လာကြတဲ့ ဘုရားဖူးဧည့်သည်က ပိုပြီးများတယ်”” ဟု အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်းက ပြောသည်။

ယခုနှစ်ဘုရားဖူးရာသီ ဘုရားဖူးဧည့်သည်ကားများဝင်ရောက်မှုအနေဖြင့် နေ့ချင်းပြန်ဘုရားဖူး မော်တော်ယာဉ်များနှင့် ညအိပ်ဘုရားဖူးဧည့်သည် မော်တော်ယာဉ်ဝင်ထွက်မှုစာရင်းအရ  အများဆုံးရက်တွင် အစီးရေ (၁၅၀) စီးခန့်သာရှိပြီး အနည်းဆုံးရက်တွင် မော်တော်ယာဉ်အစီးရေ (၆၀) စီးခန့်သာ ဝင်ရောက်မှုရှိခဲ့ကြောင်း  အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

 ဝင်းဦး(ဇေယျာတိုင်း)