ကျိုင်းတုံမြို့နယ်တွင် မြို့တွင်းလမ်း(၃)လမ်း ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကျိုင်းတုံ  ဇန်နဝါရီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေရွက်မိသားစု ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့တွင်းလမ်း(၃)လမ်း ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်​နေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေရွက်မိသားစု ကုမ္ပဏီလီမိတက်၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးစိုင်းလုံခမ်းက လုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေရွက်မိသားစုကုမ္ပဏီမှ အလှူရှင် ဦးစိုင်းရွက်က အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ သွားလာရလွယ်ကူစေရန် မြို့တွင်းလမ်း (၃)လမ်းအတွက် အလှူငွေ ထည့်ဝင် လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အလှူရှင် ဦးစိုင်းရွက်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

အဆိုပါ မြို့တွင်းလမ်းတွင် မြို့ပတ်ကွန်ကရစ်လမ်းခင်းခြင်း အရှည် ပေ ၃၀၀၀၊ အကျယ် ၂၀ ပေ၊ အထက(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်း အရှည်ပေ ၆၀၀၊ အကျယ် ၁၅ ပေနှင့် ကျိုင်းကာရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း အရှည်ပေ ၁၄၀၀၊ အကျယ် ၁၈ ပေတို့ဖြစ်ပြီး  မြို့နယ်စည်ပင်သာယာရေး ကော်မတီ ထည့်ဝင်ငွေနှင့် ရွှေရွက်မိသားစုကုမ္ပဏီ ထည့်ဝင် အလှူငွေတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)