မောက်မယ် ဇန်နဝါရီ ၈
၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် / ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသန္တရစီမံကိန်း လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ရည်မှန်းရန် အဆိုပြုချက်များနှင့်ပတ်သက်၍ မြို့နယ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်းလုပ်ငန်းများ အဆိုပြုရည်မှန်း ဆောင်ရွက်သွားမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တာဝန်ခံ ဦးစီးအရာရှိ ဦးရန်နိုင်ထွန်းက ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် / ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသန္တရစီမံကိန်းလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု စာရင်းတွင် ရည်မှန်းရန်အဆိုပြုချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)