ဟိုပုံးမြို့နယ်တွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဟိုပုံး     ဇန်နဝါရီ     ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မောက်မွန်းကျေးရွာအုပ်စု၊ တောင်စိန်(ပါရင်)ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဦးက ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် ကျေးလက်တောင်သူများအနေဖြင့် အခြားဝင်ငွေရ အသက်မွေးအတတ်ပညာကိုပါ တတ်မြောက်လာစေရန်၊ ခြံလုပ်ငန်းပါးသည့် အချိန်များတွင်လည်း ဝင်ငွေရ လုပ်ငန်းတစ်ခုအဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်စေရန်၊ ဒေသတွင်း ကျွမ်းကျင်လုပ်သား ရှားပါးမှုကို အထောက်အကူပြု ဖြည့်ဆည်းပေးရန်၊ အလုပ်အကိုင် အခွင့်အလန်းများ ပေါ်ပေါက်စေရန်နှင့် တစ်ပိုင်တစ်နိုင် သက်မွေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ဆင်းရဲမှု လျှော့ချစေရန် စသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြရည်နန္ဒာနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းတို့က တက်ရောက်သည့် သင်တန်းသားများအား  သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နေမင်းထွန်း(ပြန်/ဆက်)