မူဆယ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မူဆယ်   ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(၃)၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားကို ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်ပညာရေးမှူး ဒေါက်တာသက်သက်စံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်ပြီး “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သီဆိုကြပြီး မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပညာရေးမှူးတို့က အမှာစကားသီးသီးပြောကြားသည်။ မူဆယ်မြို့၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်မြင့်ဦးက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားပြီး ဘင်ခရာဝတ်စုံအတွက် အလှူငွေလှူဒါန်းပေးသည့် အလှူရှင်များကို မြို့နယ်ပညာရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

မူဆယ်မြို့မှ ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအကပေါင်းစုံတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)