ယင်းမာပင် ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အမျိုးသမီး အားကစားကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ယင်းမာပင်မြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်သဇင်မြမြထွေးက မြို့နယ်အတွင်းမှ အမျိုးသမီးငယ်လေးများ ကျန်းမာကြံ့ခိုင်တဲ့ အမျိုးသမီးကောင်းများပေါ်ထွက်လာစေရေး၊ ခေတ်နဲ့အညီ အမျိုးသမီးငယ်များရဲ့ ပြိုင်ပွဲများနှင့် ပက်သက်၍ မြို့နယ်ကနေစပြီး ယှဉ်ပြိုင်မှုများမှတစ်ဆင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ လမ်းစလေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ပေးရခြင်းဖြစ် ကြောင်းနှင့် ယခုလို အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသမီးကိုယ်ကာယအလှမယ် ပြိုင်ပွဲဝင်များ ကိုယ်ကာယအလှများဖြင့် တစ်ဦးချင်းအလှပြ ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ယင်းမာပင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက မမပုသိမ်သူ သီချင်ဖြင့်တေးသရုပ်ဖော်ကပြပြီး ရွှေဆံပင်ပရဟိတအဖွဲ့မှ ညီညာမှပြည်သာမည် သီချင်းတေးသရုပ်ဖော်ခြင်း၊ Myanmar Fitness Dance အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင် ကာယဗလမောင်နှင့် ကာယဗလမယ်များကလည်း တစ်ဦးချင်းသရုပ်ပြသ ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ အမျိုးသမီးကိုယ်ကာယအလှမယ်ပြိုင်ပွဲမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ပြီး ပြိုင်ပွဲဝင်များကိုလည်း ပြိုင်ပွဲဝင်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)