ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ ပြန်လည်ရွေးချယ်

နေပြည်တော် ဇန်နဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ‌ကျေးရွာကော်မတီဝင် ပြန်လည်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြူတွင်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

ပျဉ်းမနားမြို့နယ် ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော် မြစိမ်းရောင်ကျေးရွာစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြူတွင်းကျေးရွာအနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့်  ကော်မတီခုနှစ်ဦးရှိသည့် အနက်မှ အဖွဲ့ဝင်နှစ်ဦးမှာ ‌ကျန်းမာရေး အခြေအနေအရ နှုတ်ထွက်ခွင့် တင်ပြလာသဖြင့် ပြန်လည်ရွေးချယ်ရမည်ဖြစ်ကြောင်း ကျေးရွာသူ၊ ကျေးရွာသားများ၏ စည်းလုံးညီညွှတ်မှုရှိမှ ကျေးရွာတွင်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကော်မတီဝင်ရွေးချယ်ရာတွင်လည်း စီမံကိန်းလက်စွဲပါ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ရွေးချယ်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပေးသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ ကော်မတီဝင်အသစ်အား ကျေးရွာသူ၊ ကျေးရွာသားများမှ အဆိုပြုတင်သွင်းမှုများအပေါ် တက်ရောက်သူများက  အများဆန္ဒဖြင့် သဘောတူ ဆုံးဖြတ်၍ ရွေးချယ်ပေးသည်။

အဆိုပါ အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မွေး‌မြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)