ချောင်းဦး ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေကူကျေးရွာအုပ်စု၊ ရွှေကူကျေးရွာ ရွာသစ်ဓမ္မာရုံကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်တို့ကအမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသည့် ဌာနများစုပေါင်း၍ ဒေသခံပြည်သူများအား အသိပညာပေးဟောပြောခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြရာ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအားဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဌာနအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြသည်။
ဆက်လက်၍ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးစိုးထွန်းအောင်နှင့် ဝန်ထမ်းများက အိမ်ထောင်စုဇယားပျောက်ဆုံး၊ ပျက်စီးနှင့် မွေးဖွားမှုအတွက် အိမ်ထောင်စု စာရင်း ထည့်သွင်းပေးခြင်း၊ မှတ်ပုံတင်များကိုနေ့ချင်အပြီး ပြုလုပ်ပေးပြီး ပြည်သူများ၏ လက်ဝယ်အရောက်အပ်နှံပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းများဆောင်ရွက်ခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင် ၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရွှေကူကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ဒေသခံကျေးရွာပြည်သူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)