ဆန္ဒန်ဂူ အင်းအတွင်းရှိရေများ သန့်စင်စေရန် Dolomite ပက်ဖျန်း

ဘားအံ ဇန်နဝါရီ ၉

ယခင်နှစ် အောက်တိုဘာလမှစ၍ မိုးရွာသွန်းမှုနည်းပါးခြင်း၊  မြစ်ရေ၊ ချောင်းရေ Level များ ကျဆင်းခြင်းတို့ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဆန္ဒန်ဂူ အင်း ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးထားရှိသော မရင်း (နွေစပါး) အောင်ရေ အခက်အခဲဖြစ်ကာ ဂူအတွင်းမှ ရေများကို စပါးခင်းအတွင်းသို့ ရေစုပ်စက်ကြီးများဖြင့် သွယ်ယူ အသုံးပြုခြင်း ကြောင့် ခရီးသွားပြည်သူများ နေ့စဉ်ဝင်ထွက်သွားလာလျက်ရှိသော အထင်ကရနေရာတစ်ခုဖြစ်သည့် ဆန္ဒန်ဂူ  အင်းတွင် ရေများခမ်းခြောက်၍ ငါးအချို့သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

ဆန္ဒန်ဂူ အင်းအတွင်း ငါးများဆက်လက်အသက်ရှင်သန်နိုင်ရေးအတွက် လက်ကျန်ရေများကို စပါးအောင်ရေအတွက် သုံးစွဲခြင်းမပြုတော့ဘဲ ဆက်လက်ထိန်းသိမ်း၍ ထိုရေများ သန့်စင်စေရန် ယမန်နေ့ ညနေပိုင်းတွင် ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ Dolomite အား ရေဖြင့်ဖျော်၍ ရေပြင်အနှံ့ ပက်ဖျန်းပေးခဲ့သည်။

ထိုသို့ပက်ဖျန်းပေးခြင်းကြောင့် ရေအရည်အသွေးမြင့်လာခြင်း၊ ရေဩဇာကို ဟန်ချက်ညီညီ ထိန်းညှိပေးနိုင်ခြင်း စသည့်အားသာချက်များရရှိကာ ငါးများ ဆက်လက်အသက်ရှင်သန်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)