မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော် ဘင်ခရာအတီးစွမ်းရည်ပြပွဲနှင့် ကာယ၊ ဉာဏ၊ စာရိတ္တဆု၊ ဘာသာရပ်စွမ်းရည်ဆုချီးမြှင့်ပွဲ ကျင်းပ

ရေဦး ဇန်နဝါရီ ၉

၂၀၁၉ -၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော် ဘင်ခရာအတီး စွမ်းရည်ပြပွဲနှင့် ကာယဉာဏ စာရိတ္တဆု ဘာသာရပ်စွမ်းရည်ဆု တိုင်း၊ ခရိုင်အဆင့် ထူးချွန်ဆု ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၇ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘင်ခရာအဖွဲ့နှင့်အတူ ကျောင်းသားကျောင်းသူလေးများမှ အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်နှင့် တာ၀န်ရှိသူများ၊ ကျောင်းသားမိဘများအား  ကြိုဆိုခဲ့ကြသည်။ ဆက်လက်ပြီး ပန်းကုန်းကျေးရွာ အထက(ခွဲ)၊  အထက(၁)၊ အထက(၂) ကျောင်းသားကျောင်းသူ‌လေးများက  ကဗျာလွတ်အက၊ Fitness Dance အက၊ အဖွဲ့လိုက်ဘင်ခရာ အတီးစွမ်းရည်နှင့်အတူ ပုံဖော်အက စွမ်းရည်များ  ပြသခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ဆက်လက်ကျင်းပရာ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေက ပညာရေး စုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်  တက်ရောက်လာသူများက ၂၀၁၉  -  ၂၀၂၀  ပညာသင်နှစ် ကိုယ်ပိုင်အထက်တန်း‌ကျောင်းနှင့် အစိုးရအခြေခံပညာမူလတန်း မူလွန် အထက်တန်းကျောင်းများမှ  ကာယ ဉာဏ စာရိတ္တ နှင့် တိုင်းအဆင့် အိုလံပစ်ဆုရရှိသူများကို ဆုများ အသီးသီး‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

သန်းသန်း (ရေဦး)