မြင်းမူ ဇန်နဝါရီလ ၉
နိုင်ငံတစ်ဝှမ်းမှ မျက်စိလာရောက်ကုသမှုခံယူလျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ စက္ခုပါလအခမဲ့မျက်စိဆေးရုံပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင် များနှင့် ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှုမရှိရေးအတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့်အတူ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် မျက်စိဆေးရုံတာဝန်ခံများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့သည်။
FDA အဖွဲ့မှတရားဝင်သုံးစွဲခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်များ၊ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားသောဆေးဝါးများ၊ စည်ပင်သာယာရေးအဖွဲ့တွင် မှတ်ပုံတင် ထားခြင်းမရှိသည့် ကုန်ပစ္စည်းများမရှိစေရန်နှင့် ၂၀၂ဝ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် တရားဝင်ကျင့်သုံးမည့် စားသောက်ကုန်ဥပဒေများကိုရောင်းချသည့် ဈေးသည်များက တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးတို့အတွက် စစ်ဆေးအသိပေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းယုနွယ်ထံမှသိရှိရသည်။
ကွင်းဆင်းစစ်ဆေးပညာပေးခြင်းအနေဖြင့် ဈေးသည်များသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူဥပဒေအခန်း(၉)ပါစားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များနှင့် အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကိုရှင်းလင်းပြောကြားပြီး ရောင်းချရန်တားမြစ်ထားသည့် စားသောက်ကုန်များကို လာရောက်တင်သွင်းရောင်းချခြင်းများ လက်မခံရန် ယခုစစ်ဆေးတွေ့ရှိသည့် တားမြစ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချခြင်းမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)