ဟုမ္မလင်းမြို့နယ် ဟူနောင်ကျေးရွာ ချောင်းကမ်းတံတားဖွင့်ပွဲ ကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထုံမာတဲအုပ်စု၊ ဟူနောင်ကျေးရွာ၊ ချောင်းကမ်းတံတား ဖွင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အဆိုပါတံတားရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့် က အဖွင့်အမှာစကား ပြောကြားပြီး ဒေသခံကျေးရွာသူ၊ ကျေးရွာသူများက ရှမ်းရိုးရာအက၊ မန်းတောင်ရိပ်ခို၊ မကုန်ခမ်းနိုင်သော ချစ်မေတ္တာ၊ ကျေးဇူးတင်ပါတယ်ရှင့် အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမျိုးညွှန့်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအေးမင်းလှိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်စုစုခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တံတားအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဟူနောင်ရွာခွဲ ခေါင်းဆောင် ဦးထက်ထက်အောင်က ချောင်းကမ်းတံတားသည် ရွာအနီးဝန်းကျင်ရှိ ထုံမာတဲရွာ၊ ကက်သာကျေးရွာ၊ သဝန်ဖာနိုင်းကျေးရွာသို့လည်းကောင်း၊ တောင်သူများအနေဖြင့် လယ်ယာစိုက်ခင်းနှင့် ကုန်ထုတ်လုပ်ငန်းများ စသည့်ဖြင့် ရာသီမရွှေး သွားလာနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ချောင်းကမ်းတံတားအား ကိုယ်ထူကိုယ်ထ တည်​ဆောက်ခဲ့ပြီး တံတားအရှည်မှာ (၃၀၀) ပေ၊ အကျယ်(၁၅) ပေ၊ စုစုပေါင်း ကုန်ကျငွေ သိန်း(၁၅ဝ)ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)