မိုးမောက် ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခုံဆင့်သစ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယနေ့ နံနက်(၁၀)နာရီ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတတ် ပညာရရှိစေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်ပွဲ ကျင်းပရာ ဗန်းမော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ဦးစီးမှူး ဦးသောင်းညွှန့်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု−ဦးစီးမှူး ဦးဇော်မြင့်က ထပ်ဆင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းညွန့်သွင်က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းပြောကြားရာ မိမိနေအိမ် အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ မိသားစုအထောက်အကူပြု ဝင်ငွေရရှိနိုင်သော အတတ်ပညာများ ယခုလို ဖွင့်လှစ်သော သင်တန်းမှ ပညာများကို ကောင်းမွန်စွာသင်ယူကြရန်နှင့် လိုအပ်သော အရင်းအနှီးများကို အောင်မြင်နေသော မြစိမ်းရောင် လုပ်ငန်းမှ မတည်ကြရန်တို့ကို ပြောကြားသည်။
အဆိုပါ သင်တန်းကို(၁၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဘာသာရပ်ကြီး (၃)မျိုး လူသုံးကုန်ပစ္စည်း (၅)မျိုး၊ ဖျော်ရည် (၅)မျိုး၊ ယိုမျိုးစုံ (၅)မျိုး စုစုပေါင်း(၁၅)မျိုး သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းသူ/သား (၃၀)ဦးအတွက် သင်ကြားရေးတွင် လိုအပ်မည့် အထောက်အကူ ပစ္စည်းများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပေးအပ်ရာ သင်တန်းသူ(၄)ဦးက လက်ခံရယူကြောင်း သိရှိရသည်။
လွန်းနန်းထွေး