မူဆယ်မြို့ခရိုင်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

မူဆယ်  ဇန်နဝါရီ    ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်တွင် တာဝန်ထမ်းဆောင်နေကြသည့် မူဆယ်ခရိုင်၊ ရဲတပ်ဖွဲ့များအား မိမိတာဝန်ထမ်းဆောင်သည့် ဒေသများတွင် တာဝန်ထမ်းဆောင်ရာ၌ ယာဉ်အန္တရာယ် မတော်တဆထိခိုက်မှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဇန်နဝါရီလ(၉)ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)မှ ဒုတိယရဲမှူးချစ်စိန်က မူဆယ်မြို့ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အောင်ဆန်းသူရိယရိပ်သာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောသည်။

“ယာဉ်မတော်တဆ ထိခိုက်မှုတွေမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့လည်း ပါဝင်ပါတယ်၊ အထူးသဖြင့် ဆိုင်ကယ်စီးနင်းရာမှာ ဆိုင်ကယ်စီးဦးထုပ်အသုံးပြုပြီး မောင်းနှင်ရန်နဲ့ ယာဉ်မောင်းလိုင်စင်တွေ ကိုင်ဆောင်ကြဖို့လည်း လိုအပ်ပါတယ်၊ ရဲတပ်ဖွဲ့ဝင်တွေဟာ လုပ်ငန်းတာဝန်များထမ်းဆောင်ကြတဲ့အချိန်မှာ အများအားဖြင့် ယာဉ်အသုံးပြုသွားလာနေရတာဖြစ်တဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို စံနမူနာဖြစ်ဖို့လည်း လိုအပ်ပါတယ်၊ မိမိကိုယ်တိုင်လည်းလိုက်နာကြရန်လိုအပ်သလို ပြည်သူလူထုတွေကိုလည်း စနစ်တစ်ကျ စည်းကမ်း လိုက်နာနိုင်ရန်အတွက် တွဲခေါ်ကြဖို့လိုပါတယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ထိန်းသိမ်းလိုက်နာကြဖို့ရန် အားလုံးမှာတာဝန်ရှိတဲ့အတွက် ခုလို မူဆယ်ခရိုင်၊ ရဲတပ်ဖွဲ့ဝင်များကို ဟောပြောရခြင်း ဖြစ်ပါတယ်”လို့ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုတိယရဲမှူးချစ်စိန်က မူဆယ်ခရိုင်၊ ရဲတပ်ဖွဲ့ဝင်များထံ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောရခြင်း အကြောင်းကို ပြောကြားသည်။

ဟောပြောပွဲတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် လည်းကောင်း၊ ပြင်ပတာဝန်ထမ်းဆောင်ရာတွင်လည်းကောင်း ယာဉ်အန္တရာယ်မဖြစ်ပွားရန် လိုအပ်ကြောင်း၊ ယာဉ်အန္တရာယ် မတော်တဆထိခိုက်မှုများတွင် ရဲတပ်ဖွဲ့ဝင်တစ်ချို့ကိုလည်းတွေ့ရှိရကြောင်း၊ မိမိကိုယ်ကိုယ်လုံခြုံရန်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ သတ်မှတ်လိုင်စင် များကိုလည်း လက်ဝယ်ထားရှိကြရန် လိုအပ်ကြောင်း၊ ဆိုင်ကယ်စီးနင်းရာတွင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုကြရန်နှင့် ပြည်သူလူထုများလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကို လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန်တို့ကို ဟောပြောသည်။

မူဆယ်မြို့တွင် (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ(၁)နေ့ နှစ်ဦးပိုင်းမှစတင်ပြီး မူဆယ်မြို့၊ အမှတ်(၁၂၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မူဆယ်ခရိုင်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုတိယရဲမှူး၏ ကြီးကြပ်မှုဖြင့် ပြည်သူများ မတော်တဆ ယာဉ်အန္တရာယ်ထိခိုက်မှုများ လျော့နည်းလာရန်အတွက် မူဆယ်မြို့တွင်းနေရာအနှံ့တွင် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းအသိပညာပေးဟောပွဲကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)၊