တနယ်-အထက(ခွဲ)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ပုလဲ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၌ ယနေ့ နံနက် ၉ နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲ‌တော် နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုလဲမြို့နယ်၊ တနယ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းကို  သီဆို၍ အခမ်းအနားကို  ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်ဝင်းတို့က အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အငြိမ်းစားဆရာမကြီး ဒေါ်သင်းသင်းက ပညာရေးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေစိုးက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးသိန်းဆွေက ငွေမိုးစက်ကလေးများ ပညာရေးဖောင်ဒေးရှင်းမှ ဆုတံဆိပ်နှင့် ဂုဏ်ပြုကတ်များအတွက် ကုန်ကျစရိတ်များ လှူဒါန်းမှု အခြေအနေများကို လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးဆွေက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အတွက် အလှူငွေကျပ် တစ်သိန်းနှင့် ဘိလပ်မြေအိတ် ၅၀ကို ပေးအပ်ရာ လှူဒါန်းရာ‌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးဆွေက လက်ခံရယူခဲ့သည်။

ယင်းနောက်   တိုင်းဒေသကြီးအစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီး  ဦးမြင့်ကြည်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးဆွေနှင့် တာဝန်ရှိသူများက စာရိတ္တဆုနှင့် ပညာရည်ချွန်ဆုများ ရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းတက်အမှန်ဆုံးဆု ရရှိသည့် ဆရာ၊ ဆရာမများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး   ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)