ဘိုကလေးမြို့နယ်တွင် အမေများပူဇော်ကန်တော့ပွဲ ကျင်းပ

ဘိုကလေး ဇန်နဝါရီ   ၉

ယနေ့ကျရောက်သည့် ပြာသိုလပြည့် အမေများနေ့ နေ့လည် ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကျော်ဇံထေရဝါဒ ပရိယတ္တိစာသင်တိုက်၌ မေတ္တာဝါဒီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆရာတော် အရှင်သူရိယမှ ဦးဆောင်၍ အမေများအား ပူဇော်ကန်တော့ပွဲ ကျင်းပသည်။

အဆိုပါ ကန်တော့ပွဲအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် မေတ္တာဝါဒီ ဖောင်ဒေးရှင်းဥက္ကဋ္ဌဆရာတော် အရှင်သူရိယမှ ဩဝါဒစကားမိန့်ကြားခြင်း၊ တက်ရောက်လာ ကြသည့် မေတ္တာဝါဒီဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် အလှူရှင်အသီးသီးနှင့် ရပ်ကွက်အသီးသီးမှ ကန်တော့ခံကြွရောက်လာကြသည့် အသက်(၈၅)နှစ်အထက် အမေ(၅၀)ဦးအား ကန်တော့ပစ္စည်းများနှင့်အတူ ပူဇော်ကန်တော့ခြင်း တို့ဖြင့်ကျင်းပခဲ့ကြသည်။

"နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် အမေတို့လို သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့ကြတဲ့ စေတနာရှင်များနဲ့ ဦးဆောင်ဦးရွက်ပြုတဲ့ မေတ္တာဝါဒီဆရာတော် ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ လို့ အမေဆုတောင်းပါတယ်။ ယခုလို အေးချမ်းလှတဲ့ ပြာသိုလမှာ အမေတို့ရဲ့ ရင်ထဲကို ပိုပြီးအေးမြစေအောင် အမေများနေ့ဆိုပြီးဒီလို ပူဇော်ကန်တော့တာ အရမ်းကို ဝမ်းသာပါတယ်"ဟု ကန်တော့ခံ ကြွရောက်လာသည့် အမေတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)