ဟားခါး ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် အဖွဲ့ ဝင်များသည် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့နယ် ဆတ္တားကျေးရွာနှင့် လောက်လုံကျေးရွာတို့သို့ ရောက်ရှိ၍ ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။
အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီအချိန်က ဆတ္တားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျေးရွာမှ အမျိုးသမီးများနှင့်တွေ့ဆုံပြီး ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိသော ကဏ္ဍကြီး(၅)ရပ်လုပ်ငန်း အခြေအနေ၊ လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြပြီး ကျေးလက်နေ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍများနှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်း များနှင့်ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ကျေးရွာအတွက် ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများ က လက်ခံရယူ ခဲ့ကြသည်။
ဆက်လက်ပြီး ညနေ ၃ နာရီအချိန်တွင် လောက်လုံကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ စားပွဲဝိုင်းဖွဲ့၍ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ ကူးစက် ရောဂါကာကွယ်ရေး၊ အာဟာရ ပြည့်ဝစေရေး၊ ပညာရည်တိုးတက်မြင့်မားရေးနှင့် သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးစသည့် ကဏ္ဍကြီး (၅)ရပ် အပါအဝင်အမျိုးသမီးများဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်း၊ ကျေးရွာတွင် ရွေးချယ်ထားသော အမျိုးသမီးဆယ်အိမ်စုမှူးများနှင့်တွေ့ဆုံ၍ လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့နှင့်အတူ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်း ရေးမှူး ဒေါ်တင်တင်အေး၊ ဟားခါးခရိုင် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ပုမ်ခန့်နွမ် နှင့်အဖွဲ့ဝင်များက လိုက်လံ ရှင်းလင်း ပြသဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)