အမေနေ့ အထိမ်းအမှတ် ကျော်ရွာကျေးရွာတွင် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

 

အင်းတော်    ဇန်နဝါရီ   ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျန်တောကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာတွင် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က ကျော်ရွာကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ကျော်ရွာ ကျေးရွာအနေဖြင့် ယခုအကြိမ်ကျင်းပသည့် သက်ကြီးပူဇော်ပွဲသည် ပဉ္စမအကြိမ်မြောက် ကျင်းပသည့် ပူဇော်ပွဲဖြစ်ပြီး ကျေးရွာအတွင်းရှိ လူပျိုအပျိုအဖွဲ့၊ စေတနာရှင်များ၊ အလှူရှင်များဖြင့် ဝိုင်းဝန်း ကျင်းပကာ နှစ်စဉ်ကျင်းပကြောင်း သိရသည်။ ယခုကျင်းပသည့် ပူဇော်ပွဲတွင် ကျေးရွာအတွင်းရှိ အသက် ၇၀ နှစ်နှင့် အထက် အဘိုးအဘွား ( ၁၈ ) ဦးအား စေတနာရှင်များက လက်ရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ရှေးဦးစွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွေးအောင်နှင့် ရပ်မိရပ်ဖ ဦးကျော်ငြိမ်း တို့က အမှာစကား ပြောကြားခဲ့ပြီး အဘိုးဦးပွဲမောင်က ဩဝါဒစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော အဘိုးအဘွားများကို စေတနာရှင်များက ပူဇော်ကန်တော့ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကာ အဘိုးအဘွား များက ဆုတောင်းပထနာများ ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ  ဦးတင်ငွေက သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကာ ဒေသခံ ဦးဖိုးဖြူက ဆောင်ရွက်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သီဟ