ဆားလင်းကြီး ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်း ပန်းမြတ်သဇင်ခန်းမ၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျောင်းအဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆားလင်းကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း(Grate-6)မှ ကျောင်းသူလေးများ၏ "ပညာဗိမာန်" အကဖြင့်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ဆားလင်းကြီး မြို့နယ် ပညာရေးမှူး ဦးအောင်မြင့်ဆန်း က ပြောင်းလဲလာသော ပညာရေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အ.ထ.က (ဆားလင်းကြီးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝေက ပညာရေး စုံညီပွဲတော် ကျင်းပရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျောင်းအဆင့်ပညာရေး စုံညီပွဲတော်ကို ကျင်းပရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာပေပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား /ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့်/ ခရိုင်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးချီးမြှင့် ခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူလေးများ၏ သီချင်းအကအလှများ ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ဇော်လင်း(ဆားလင်းကြီး)