မုဒုံ ဇန်နဝါရီ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က (ခွဲ) ကော့ခပုံကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေ၍ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားစေရန်၊ ပြင်ပစာပေများကိုဖတ်ရှုလေ့လာ နိုင်စေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade - 10 နှင့် Grade – 11 မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးသွင်ပြင်ဝတ်စားဆင်၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)