ကန့်ဘလူ၌ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ကန့်ဘလူ  ဇန်နဝါရီ  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။

 အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာလှိုင်မြင့်ဟန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်း၊ ဒေါ်ခင်မျိုးချစ်၊ ဦးကျော်လင်း(ကျွန်းလှ)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်ထူးမောင်နှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ အနီးအနားကျေးရွာများရှိ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

 "ကလေးစာပေပွဲတော်ကို ကျွန်မတို့မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့အတွက် ဒေသခံ တစ်ဦးအနေနဲ့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကလေးစာပေပွဲတော်ရဲ့ ရလဒ်ဟာ ကလေးတွေ စာအုပ်စာပေနဲ့ မဝေးဘူး၊ စာအုပ်စာပေဆိုတာ မိတ်ဆွေကောင်းဖြစ်တယ်ဆိုတာကို  ကလေးတွေ သိသွားမယ်၊ စာဖတ်ခြင်းကြောင့် ကောင်းမွန်တိုးတက်လာမယ်။ ရည်ရွယ်ချက်ကောင်းပြီး အကျိုးကျေးဇူးကောင်းတွေများတဲ့ ပွဲတော်ဖြစ်ပါတယ်။ စာအုပ်စာပေ ဖတ်ရှုခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ မြင့်တက် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မ လိုဘဲ သားသမီးရှိတဲ့မိဘတိုင်းက ဒီကလေးစာပေပွဲတော်ကို လိုက်ပါပို့ဆောင် ပေးစေချင်ပါတယ် " ဟု အမှတ်(၂)ရပ်ကွက်နေ ကျောင်းသားမိဘ ဒေါ်တင်တင်နွယ် က ပြောသည်။

 အဆိုပါပွဲတော်တွင် ကလေးများပျော်ရွှင်စေရေး ဂိမ်းကစားနည်းများ၊ အရုပ်ဆက်၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ ပုံပြော၊ ကျပန်းပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့် အသိပညာပေး ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။

 ကလေးစာပေပွဲတော်များ ကျင်းပပေးရသည့်အတွက် ကလေးများ၏ အနာဂါတ်ကို ထုဆစ်ပုံဖော်မှုနှင့် ကလေးများ၏ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ခရိုင် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တတ်စွမ်းသရွေ့ တည်ဆောက် အကောင်အထည်ဖော်ပေးခြင်းလည်း ဖြစ်ကြောင်းနှင့် လူသားအရင်းအမြစ်များလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထူးမောင်က ပြောကြားသည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းနှင့် တာဝန်ရှိသူများသည် ကျောင်းသား/ကျောင်းသူလေးများ၏ ဖျော်ဖြေရေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှုများကိုလည်း အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)