ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စု၊ ဒိန်ရှာကွင်းအတွင်း လယ်သီးထပ် ဆောင်းဆီထွက်သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ၊ ပဲပုပ်စိုက်ပျိုးမှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော်ထိ တိုးတက်ရရှိရေး မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆောင်းသီးထပ် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ဒိန်ရှာကွင်းမှ တောင်သူများနှင့် သွားရောက်တွေ့ဆုံကြသည်။

ထိုသို့ တွေ့ဆုံရာတွင် အဆိုပါကွင်းအတွင်းရှိ တောင်သူများက လယ်ကွင်းအတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေလိုအပ်ချက်၊ သီးထပ်သီးနှံအတွက် ခြံဝင်းကာရံပေးနိုင်ရေးနှင့် လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်မျိုးစေ့အိတ်များ၊ သဘာဝမြေသြဇာအိတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဒေသတွင်း ဆန်ရိက္ခာဖူလုံသော်လည်း စားဆီဖူလုံမှုတွင် လိုအပ်ချက်များစွာ ရှိနေသေးပါကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီမှ စတင်၍ သီးထပ်စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လယ်သီးထပ်ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးနိုင်ရေး နှစ်အလိုက် စီမံချက်ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် သီးထပ်စိုက်စွမ်းအား (၂၀၀)ရာခိုင်နှုန်းထိ တိုးချဲ့ဆောင်ရွက်နိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်း စားဆီဖူလုံမှု လာမည်ဖြစ်သည့်အတွက် လိုအပ်သည့်သွင်းအားစုများ ကူညီဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ လယ်သီးထပ် စိုက်ပျိုးနိုင်ရေးတောင်သူများ၏ လယ်ကွင်းများအတွင်း စက်မှုလယ်ယာဦးစီးဌာနက လယ်ထွန်စက်များဖြင့် ထယ်ရေးထွန်ယက်ပေးနေမှုအခြေအနေများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ သီးထပ်အတွက် ဆောင်းဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့များ တောင်သူအသိပညာပေး ကြဲပက်သရုပ်ပြစိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘို ရာဇီခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပြည်နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက်သီးနှံများ ရာသီချိန်တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့အနေဖြင့် တောင်သူများနှင့် အမြဲမပြတ်ကွင်းဆင်း တွေ့ဆုံပြီး လိုအပ်သည့်သွင်းအားစုများ ဖြည့်ဆည်းပေးခြင်းအားဖြင့် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ဒေသအလိုက် ခေတ်မီစက်များ တပ်ဆင်တည်ထောင်နိုင်ရေးကိုလည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဒေသအလိုက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကုန်ချောထုတ်ကုန် တိုးတက်ထုတ်လုပ်နိုင်ရေးကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပြည်နယ်အတွင်း ဆောင်းသီးထပ် ဆီထွက်သီးနှံ စိုက်ဧက တိုးချဲ့ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် ရင်းနှီးမတည်ပေးနိုင်မှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားဆီဖူလုံ‌ရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့်နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်း၊ မြေပဲ၊ ပဲပုပ်၊ နှမ်းသီးနှံများကို ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၁၂၅,၄၅၁ အထိ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် လျာထားစိုက်ဧကပေါင်း ၁၃၃,၃၈၅ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အတွင်းရှိ မိုးစပါး(လယ်မြေ) စုစုပေါင်း (၃၉၁,၄၅၅)ဧကနှင့် နွေစပါးအပါအဝင် သီးထပ်စိုက်ပျိုးမည့် ဧကပေါင်း (၂၆၈,၉၅၁)ဧကကို နှစ်အလိုက် ဆီထွက်သီးနှံများကို သီးထပ်အဖြစ် ပြည့်မီအောင်(၅)နှစ်အတွင်း စိုက်ပျိုးဆောင်ရွက်နိုင်ပါက သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိစေပြီး ဆီဖူလုံမှု(၁၀၀)ရာခိုင်နှုန်းကျော် ရရှိရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)