နောင်ချို ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အုမ္မသီး အထက(ခွဲ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင် သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ၉၀ ပေ×၃၀ ပေ အရွယ်ရှိ စကားဝါ ကျောင်းဆောင်သစ်အား မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မြင့်ဇော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးခိုင်၊ အုမ္မသီးအထက(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါမြင့်၊ ကျောင်းအကျိုးတော်ဆောင် နာယက ဦးဂျုံး ခေါင် ၊ အုမ္မသီးကျေးရွာ ရာအိမ်မှူး ဦးသန်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို အဋ္ဌတန်းကျောင်းသား၊ ကျောင်းသူလေးများက အဖွင့်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင် နာယက၊ အုမ္မသီး အထက(ခွဲ) ကျောင်းအုပ် ဆရာမကြီး၊ အုမ္မသီးကျေးရွာ ရာအိမ်မှူးတို့က အသီးသီးအမှာ စကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ထူးချွန်ဆုရသူများအား ဂုဏ်ပြုခြင်းနှင့် ဆုရရှိသူများအား အတုယူနိုင်စေရေး၊ နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် အဆောက်အဦးများ ဆောက်လုပ်ပေးခဲ့မှုများအပေါ် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်ရေး စသည့်ဖြင့် ပြောကြားခဲ့ကြသည်။
အခမ်းအနား၌ ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို)