ပလောက်မြို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပလောက် ဇန်နဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးသူထံမှ သိရသည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းသည် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေ ရရှိသည့်လုပ်ငန်းဖြစ်ကာ တစ်ချို့ဒေသနေပြည်သူများသည် မိမိတို့၏ နေအိမ်ခြံဝန်းထဲတွင် စိုက်သလို၊ တစ်ချို့ဒေသနေပြည်သူများက တောင်ယာမြေများတွင် သဘာ၀မြေဩဇာဖြင့်သာ စိုက်ပျိုးထားကြောင်း၊ ရွှေဖရုံ၊ ဘူးသီး၊ကျောက်ဖရုံ၊ သခွား၊ ငရုတ်၊ ခရမ်းသီး၊ မုန်ညှင်း၊ ကန်စွန်း၊ တောင်ယာပဲသီး အမျိုးမျိုးအပြင် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းကြောင်း၊ အရင်းအနှီးနည်းသည့်အပြင် ရာသီမရွေးစိုက်ပျိုးနိုင်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်များဖြစ်သဖြင့် ဒေသခံတောင်သူများက မိမိတို့စားသုံးရန်အပြင် ပိုလျှံသီးနှံများကို ပလောက်မြို့ ဈေးတွင် ရောင်းချလျက်ရှိကြသည်။

ပလောက်မြို့ရှိ ဒေသနေပြည်သူများသည် ဥယျာဉ်ခြံမြေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်သည့် မြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရေးအတွက် Home Garden စနစ်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)