လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က(ခွဲ) မဲဆမိတ်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါပြည်သူ့စကားဝိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ဒုရဲမှူး အောင်ကျော်မိုး (မြန်မာနိုင်ငံရဲတပ်ဖွဲ့)၊ ဦးဌေးဝင်း (မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း)၊ ဦးအောင်ငွေ (မြို့နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့)၊ ဒေါက်တာသူရိန်သန်းအေး (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဦးအောင်တင်ဝင်း (အခြေခံပညာဦးစီးဌာန) တို့က ဦးဆောင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲ တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက  ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်