ကျိုင်းတုံ ဇန်နဝါရီ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြန်လည် ထူထောင်ရေးစခန်း၌ စခန်း အခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ က အမှာစကား ပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်း ဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ သင်တန်းအတွက် အလှူငွေများ ထောက်ပံ့ လှူဒါန်းပြီး သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်လာကြသည့် အာခါတိုင်းရင်းသား လူမျိုးရေးရာ ပြည်နယ် ဝန်ကြီး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးများ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက သင်တန်းသားများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးတွေကို စနစ်တကျ အနီးကပ် ကြီးကြပ်လေ့ကျင့်ပေးခြင်းနှင့် သင်တန်းပြီးဆုံးချိန်တွင် မိမိဘဝရပ်တည်နိုင်ရေးအတွက် အသွက်မွေးဝမ်းကျောင်း ပညာရပ်များကို ဇန်နဝါရီ ၁၀ ရက်မှ ဧပြီ ၄ ရက်အထိ စာတွေ့လက်တွေ့ သင်းကြား ပို့ချ သွားမည်ဖြစ်ကာ သင်တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)