ပူတာအို ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါ ကောင်းမှုလုံစေတီတော်ရင်ပြင်ရှိ တေဇသာလာဓမ္မာရုံတော်၌ ကျင်းပသည်။
ရှေးဦးစွာ ဧည့်ပရိတ်အပေါင်းက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပူတာအိုမြို့နယ် လုံရှာယာန်ကျောင်းတိုက် ဆရာတော်က စိန်ရောင်ခြည်ဘုရားပင့်ဖြင့် ဘုရားပင့်ခြင်း၊ အခမ်းအနားမှူးက နတ်ပင့်ဂါထာဖြင့် နတ်ဗြဟ္မာများအားပင့်ဖိတ်ခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်အရှင် မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ပဓာနနာယက ဆရာတော်အရှင်သူမြတ်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် ဩဝါဒဂါထာနာယူခြင်း၊ ဆရာတော်သံဃာတော်များထံမှ မေတ္တာသတ်ပရိတ်တရားတော် မြတ်များနာယူကြည်ညိုခြင်းနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ကျမ်းမြတ်ရွှေစာ ပဌာန်းမြတ်ဒေသနာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ဩဝါဒကထာနာယူခြင်းနှင့် ပဌာန်းအမွှန်းတိုက်တွန်းဂါထာဖြင့် ပဌာန်းရွတ်ဖတ်ပူဇော်ရန်တိုက်တွန်းသည်။
ထို့နောက် ကောင်းမှုလုံစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဆရာတော်သံဃာတော်များထံ အလှူငွေ ဆက်ကပ်လှူဒါန်းပြီး တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက် ဆရာတော်က အဘိဓမ္မာ(၇)ကျမ်း ကျမ်းဦးများကို သံဃာတော်အရှင်သူမြတ်များနှင့် ပရိသတ်အပေါင်းတို့က သံပြိုင်ရွတ်ဖတ်ပူဇော်ခြင်းနှင့်ပဌာန်း ပစ္စယုဒ္ဒေသ(၃)ကြိမ်ရွတ်ဖတ်ပူဇော်ပြီး ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့်တာဝန်ရှိသူများက ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှူဒါန်းသော အလှူငွေများအားလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု(၃) ကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပြီး အခမ်းအနားအပြီးတွင် အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်