ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီတာလမ်းသွယ် - ၄ (ကညနရုံး) ရှေ့လမ်းကတ္တရာလမ်းသစ် ဖွင့်လှစ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၈

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီးစီးခဲ့သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်အတွင်းရှိ သီတာလမ်း-၄ (ကညနရုံး)ရှေ့လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၇)နာရီက အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးလှမိုးက မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားနှင့် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် လမ်းသစ်ဆိုင်ရာ အချက်အလက်များကို တင်ပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း ကတ္တရာလမ်းသစ်ရရှိသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယ တိုင်းမှူးနှင့် တပ်မတော်အရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဘင်ခရာ၊ ပန်းပွားအဖွဲ့များနှင့်အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြန်မာ့တို့၏ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်းများက မြန်မာ့ရိုးရာထမင်းနဲထိုးပွဲ ပုံရိပ်ကို ဖော်ဆောင်သည့် သံချပ်/ သီချင်းစာသားများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကတို့ဖြင့် ပါဝင်ယှဉ်ပြိုင်မှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းမှူး၏ ဇနီးနှင့် တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ထမင်းနဲထိုးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဌာနဆိုင်ရာဝန်ထမ်းများ စိတ်လက်ပေါ့ပါးစေပြီး စည်းလုံးညီညွတ်မှု၊ စိတ်အားတက်ကြွမှု၊ ပျော်ရွှင် ချမ်းမြေ့မှုတို့ကို ပြသနိုင်သည့်အပြင် အားပေးကြည့်ရှုကြသည့် ပရိတ်သတ်များ၏ ရွှင်လန်းတက်ကြွမှုကို ဖြစ်စေပြီး မိမိတို့၏ ရိုးရာဓလေ့ထုံးစံ၏ ပုံရိပ်ကိုပေါ်လွင်အောင် ဖော်ဆောင်သည့် အနေဖြင့်  စုပေါင်းထမင်းနဲထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ထမင်းနဲထိုးပြိုင်ပွဲဝင်ကြမည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်း၊ ဝန်ကြီးဌာနအသင်းများ၊ မြစ်ကြီးနားမြို့ပေါ် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း (၁၇)တို့၏ ပြိုင်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲကိုစတင် ရန် ဖွင့်လှစ်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများက သတ်မှတ်နေရာအသီးသီး၍ ဒိုင်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ထမင်းနဲထိုးခြင်းကို သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စတင်ယှဉ်ပြိုင်ကြရာ ဝန်ကြီးဌာန၊ တက္ကသိုလ်ဒီဂရီကောလိပ်များအလိုက် ကြည့်ရှုအားပေးခဲ့ကြကာ ဒိုးပတ်အိုးစည်အကတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာ့ရိုးရာအက အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဒိုးပတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းများအားလည်းကောင်း၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ထမင်းနဲထိုးပြိုင်ပွဲတွင် ဂုဏ်ပြုဆုရအသင်းများနှင့် အထူးဆုရအသင်းများအားလည်းကောင်း၊ တိုင်းမှူး၏ဇနီးက တတိယဆုရ ပြိုင်ပွဲဝင်အသင်းအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဒုတိယဆုနှင့် ပထမဆုရ ပြိုင်ပွဲဝင်အသင်းများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)