မြစ်ကြီးနား ဖေဖော်ဝါရီ ၈
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ် (၃) ထပ်အဆောက်အအုံသစ် ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၃၉၆ ဒဿမ ၆၀၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သော (၂)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာအဆောက်ဦနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြား ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်း ဝန်ထမ်းများနေထိုင်ရန်အတွက် အခန်းဖွဲ့စည်းပုံများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စားဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံများ စိုက်ပျိုးရိတ်သိမ်းပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဆီဖူလုံရေးအတွက် အမျိုးသားရေး ရည်မှန်းချက်အဖြစ်သဘောထားပြီး စိုက်ပျိုးသီးနှံများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် အလေးအနက်ထားကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးမြေများစွာရှိနေသေးပြီး တိုးချဲ့စိုက်ပျိုးနိုင်ရေးမိမိတို့အနေဖြင့် မြေပြင်တွင်ကွင်းဆင်းစစ်ဆေး၍ တောင်သူများအား စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင်လည်း မျိုး၊ မြေ၊ ရေ၊ နည်းစသည့် သွင်းအားစုများကို ဖူလုံလောက်ငှအောင် ဖြည့်ဆည်းပံ့ပိုးပေးသွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ရည်မှန်းထားသည့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ဒေသတွင်း စားဆီဖူလုံလာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးက ပြည်နယ်အတွင်း မိုးစပါးသီးနှံစိုက်ပျိုးရိတ်သိမ်းခဲ့မှု အခြေအနေများ၊ ပူတာအိုခရိုင်အတွင်း ဝမ်းစာဖူလုံရေး ဆောင်ရွက်ခဲ့မှု၊ တနိုင်းခရိုင်၏ ဝမ်းစာဖူလုံရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုအခြေအနေများနှင့် (၅)နှစ်အတွင်း ဆီဖူလုံရေးကြိုးပမ်းဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်းပြရာ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ခရိုင်အလိုက် မိုးစပါးစိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဆီထွက်သီးနှံစိုက် ဧကနှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိန်းဂဏန်းအချက်အလက်များကိုမြေပြင်စာရင်းနှင့်စိစစ်တိုက်ဆိုင်စစ်ဆေး၍ စနစ်တကျတင်ပြရေး၊ စိုက်ပျိုးပြီးလယ်ယာမြေများတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် တောင်သူများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၉ နာရီကလည်း မြစ်ကြီးနားမြို့ တပ်ကုန်း(စံပြ) ရပ်ကွက်အတွင်း ပြည်နယ်အတွင်း ခေတ်မီစက်များတပ်ဆင်၍ အကြီးဆုံးရေသန့်စက်ရုံတစ်ခုဖြစ်သည့် “အော်လေလေ(Aw Le Le)” ရေသန့်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ရေသန့်စက်ရုံသစ်ဆိုင်းဘုတ်အား သိက္ခာတော်ရဆရာတော်က ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က သိက္ခာတော်ရဆရာများ၊ ဦးယွပ်ဇော်ခေါင်၊ ဦးလမိုင်ဂွမ်ဂျာတို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ရေသန့်စက်ရုံသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရေသန့်စက်ရုံတံခါးအား ကက်သလစ်အသင်းတော်ဖာသာက ဆုတောင်းဆက်ကပ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း ရေသန့်ဘူးများအား ခေတ်မီစက်ကြီးတပ်ဆင်ထားရှိ၍ ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်