ဖားကန့် ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာသည်များအား တတိယ အကြိမ်မြောက် အခမဲ့ဆေးကုသမှုများအား ဇန်နဝါရီ (၉)ရက်မှ စတင်ကာ (၁၃) ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စက္ခုဒါန နယ်လှည့်ကုသိုလ်ပြုဆေးကုသရေး အစီအစဉ်တွင် ဒေါက်တာမြအောင် ဦးဆောင်သည့် မျက်စိအထူးကု ဆရာဝန်ကြီးများ၊ အထွေထွေရောဂါကု ဆရာဝန်များနှင့် သူနာပြုများပါဝင်ပြီး ဖားကန့်ရှိ ရှေ့တန်းတပ်မမှ တပ်မတော်ဆေးကုသရေးအဖွဲ့များ၊ ဒေသခံ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပံ့ပိုး ကူညီပေးလျက် ရှိသည်။
မျက်စိဝေဒနာ ကုသမှုခံယူကြသူများတွင် ဖားကန့်မြို့နယ် အတွင်းသာမက အင်းတော်ကြီး ရပ်ဝန်းဒေသနှင့် တနိုင်း-မြစ်ကြီးနား လီဒိုလမ်းကြောမှ ပြည်သူများလည်း လာရောက်ကြကြောင်း သိရသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသည် ယမန်နေ့ညနေပိုင်းက ဖားကန့်သီတဂူ စက္ခုဒါန ဆေးရုံသို့ ရောက်ရှိလာရာ ရှေ့တန်းတပ်မမှ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ ရဲမှူးကြီး သန်းထိုက်စိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ဌာနဆိုင်ရာများ၊ သီတဂူစက္ခုဒါန ဆေးရုံတော် အကျိုးတော်ဆောင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယာဉ်ကျေးမှုကော်မတီ အဖွဲ့များ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖများက ဦးခိုက်ကြို ဆိုခဲ့ကြပြီး ဆရာတော်ကြီးက မျက်စိဝေဒနာသည်များအား စစ်ဆေးကုသနေမှုများကို ကြည့်ရှု ချီးမြှောက်ခဲ့သည်။
ဖားကန့်သီတဂူ စက္ခုဒါနဆေးရုံကို ၂၀၁၇ ဇန်နဝါရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ် စစ်ဆေးပေးခဲ့သည့် လူနာပေါင်း(၆၉၄၉)ဦး၊ ခွဲစိတ်ကုသပေးသည့် လူနာပေါင်း(၆၈၇)ဦး ရှိခဲ့သည်။
ကချင်ပြည်နယ်အတွင်း၌ သီတဂူစက္ခုဒါန ဆေးရုံများအဖြစ် ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့၊ ဗန်မော်မြို့ တို့တွင်ရှိပြီး ဖားကန့်မြို့အတွက် ယခုအကြိမ်သည် တတိယအကြိမ်မြောက်အဖြစ် ပြည်သူများ အား စက္ခုဒါနဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မျက်စိဝေဒနာ လာရောက်ကုသသူများ လိုက်ပါကူညီ ဆောင်ရွက်ပေးသူများ အခက်အခဲမဖြစ် စေရေးအတွက် စတုဒီသာ ထမင်းကျွေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိပြီး သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရမှ တရားနာယူလိုသူများအတွက် လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း ဇန်နဝါရီ (၁၃) ရက်နေ့ ညချမ်းတွင် တရားဓမ္မဒေသနာများ ဟောကြားပေးမည် ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)