မိတ္ထီလာ ဖေဖော်ဝါရီ ၁၀
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ပွဲမကျင်းပမီဦးစွာ အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ကျန်စစ်သား အသင်းနှင့် ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်စစ်သားအသင်းအား ဘုရင့်နောင်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ဆရာအတတ်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇော်မြင့်လေး၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးအောင်၊ မိတ္ထီလာပညာဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေး၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပညာရေးဒီဂရီကောလိပ်၏ (၇၈)နှစ် မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲများတွင် အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းဘုရား၊ ဘုရင့်နောင်နှင့် ဗန္ဓုလစုစုပေါင်း အသင်း ၅ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
ချမ်းသာ