ကျောက်တလုံးကြီး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နောင်ခဲ ကျောင်းတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီခွဲက အဆိုပါကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒသမတန်း ကျောင်းသား/သူများက မြတ်ဆရာ သီချင်းသီဆို၍ ဖွင့်လှစ်သည်။
ယင်းနောက် ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးစောချမ်းက ကျောင်းကော်မတီ၊ မိဘ၊ ဆရာ နှင့် ကျောင်းသား/သူတို့ ပူးပေါင်းမှသာ ကျောင်း၏ မျှော်မှန်းချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယခု စုံညီပွဲတော်တွင် ချီးမြှင့်ထိုက်သည့်သူများကို ချီးမြှင့်ခြင်းတို့ ပါဝင်သည့်အတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေ၊ အနုပညာ၊ အားကစား စသည့် ကဏ္ဍများတွင် ထူးချွန်ထက်မြတ်သည့် လူငယ်များဖြစ်စေရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် တောင်ကြီးမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး၊ နောင်ခဲကျေးရွာ အုပ်ချုပ်ရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နောင်ခဲမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းကော်မတီ ဥက္ကဋ္ဌ တို့က အသီးသီးအမှာစကားများ ပြောကြားပြီး အတန်းလိုက် ထူးချွန်သည့် ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကာ ကျောင်းသား/ကျောင်းသူ များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခွန်အာကာ(ကျောက်တလုံး)