အင်းစိန်မြို့နယ် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ (၂၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှမ်းမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အင်းစိန် ဖေဖော်ဝါရီ ၁၁

လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ (၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် နှမ်းမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် နှမ်းမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီနာယက အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်ကအမှာစကားပြောကြားခဲ့ပြီး နှမ်းမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင်ဦးလူဟန်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးကျော်တင့်က ပြိုင်ပွဲအမှတ်ပေးစည်းမျဥ်းများ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ နှမ်းမနဲထိုးပြိုင်ပွဲသို့ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့)မြို့နယ်နှင့် လှိုင်သာယာ(အနောက်)မြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသလို ပြိုင်ပွဲယှဥ်ပြိုင်နေမှုများကိုလည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နှမ်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အင်းစိန်မြို့နယ် စျေးကုန်းအရှေ့ရပ်ကွက်အသင်း၊ ဒုတိယဆုရရှိသည့် လှိုင်သာယာ(အရှေ့)ပိုင်းမြို့နယ်မှ ရွှေလှိုင်သာအသင်း၊ တတိယဆုရရှိသည့် ပညာရေးတက္ကသိုလ်မှ (YUOE) အသင်း၊ စတုတ္ထဆုရရွှေမြန်မာလူမှုကူညီရေးအသင်း၊ ပဥ္စမဆုရပညာရေးတက္ကသိုလ်မှ ပုပ္ပါးမောင်အသင်းနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်း(၁၀)သင်းတို့မှ ပြိုင်ပွဲဝင်အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ပြန်/ဆက်)