မိုးညှင်း ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီလွင်က အဆိုပါသင်တန်းဆင်းပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ယဉ်ယဉ်မြင့်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်းဖြစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်ပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ယင်းသင်တန်းဆင်းပွဲ၌ ဆိုင်ကယ်ပြုပြင်လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် သင်ထောက်ကူပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား(၁၂)ဦးအား အသီးသီးပေးအပ်ကြပြီးနောက် လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းဆင်းပွဲတွင် ဆိုင်ကယ်ပြုပြင်လုပ်ငန်းထူထောင်လုပ်ကိုင်ကြမည့် သင်တန်းသားများကိုပေးအပ်ရန် ခင်းကျင်းပြသထားသည့် ပစ္စည်းအမျိုးအမည်(၉)မျိုးအပြင် လက်သုံးကိရိယာပစ္စည်းမျိုးစုံကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း