ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲရိုးရာမပြတ်ကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကောင်းမှုလုံစေတီတော်ရင်ပြင်၌ ရိုးရာမပြတ်ကျင်းပသည်။

ထမနဲထိုးပြိုင်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/မချမ်းဘောမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၀)သင်းတို့ပါဝင်ယှဉ်ပြိုင်ကြပြီး အမှတ်ပေးဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်အရ ပထမဆုတောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်အသင်း၊ ဒုတိယဆုပန်းလှိုင်ရပ်ကွက်အသင်း၊ တတိယဆုထောက်ပို့တပ်အသင်းတို့က အသီးသီးဆွတ်ခူးရရှိရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရအသင်းများအား တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါကောင်းမှုလုံစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်တွင် ယနေ့ညနေ(၆)နာရီခွဲတွင် ဆီမီးပူဇော်ခြင်း၊ ယနေ့နံနက်(၈)နာရီတွင် စေတီတော်မြတ်ကြီး၏မုခ်များရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်(၉)ဆူတို့အား ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ပဋ္ဌာန်းရေစင်များကို မလိခမြစ်အတွင်းသို့ သွန်းလောင်းပူဇော်ခြင်း၊ နံနက်(၈)နာရီခွဲတွင် ကောင်းမှုလုံစေတီတော်ရင်ပြင်၌ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် နံနက်(၉)နာရီခွဲတွင် ဗုဒ္ဓပူဇနိယပွဲနှင့်ပဋ္ဌာန်းသိမ်းအောင်ပွဲ ရေစက်ချအခမ်းအနားကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်